ခရစ်တော်အတွက်အစေခံကောင်း

Share

ခရစ်တော်အတွက်အစေခံကောင်း

12.11.2021(Friday)

ရောမ ၁၄:၈“ အသက်ရှင်လျှင်၊ သခင်ဘုရားအဘို့အလို့ငှါ ရှင်၏။သေလျှင်လည်း သခင်ဘုရားအဘို့အလို့ငှါသေ၏။ ထို့ကြောင့် အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ သခင်ဘုရားဆိုင်တော်မူ၏”

ခရစ်တော်အတွက် အစေခံကောင်းအဖြစ် အကောင်းဆုံးပေးဆပ်အသက်ရှင်သွားခဲ့သော ဆရာကြီး ဒေါက်တာဝီလျံကယ်ရီအကြောင်းကို ဖော်ပြလိုပါ၏။ အသက် (၁၂)အရွယ်တွင် ကျောင်းမှ ထွက်ရပြီး ဖိနပ်ချုပ်အတတ်ပညာဖြင့် အသက်မွေးခဲ့သူပါ။ ငယ်ရွယ်စဉ်အချိန်များတွင် ဘဝကိုခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရပါသည်။

ခရစ်တော်ကိုယုံကြည်လက်ခံပြီး အသက်တာပြောင်းလဲပြီးနောက်ပိုင်းတွင် ဖိနပ်ချုပ်လျက်ပင် အင်္ဂလန်ပြည်၊ မူလတန်ရပ်ကွက် အသင်းတော်တွင် အသင်းအုပ်ဆရာအဖြစ်ဆက်ကပ်ခဲ့ပါသည်။ သူသည် စွန်စားခြင်းများ၊ ဘာသာစကားလေ့လာခြင်းများ၊ သာသနာပြုခြင်းများတွင် စိတ်အားထက်သန်သူဖြစ်သည်။ သူသည် မည်သည့်နေရာတွင် သာသနာပြုရမည်ကို ဆုတောင်းရင်း နောက်ဆုံးတွင် အိန္ဒိယပြည်သို့ သွားရောက်ရန်လမ်းပွင့်သွားခဲ့ပါ၏။ ထိုနောက် သာသနာပြုရန် ဆုံးဖြတ်ခဲ့ပါသည်။ ထို့အချိန်တွင် သူ့အသက်(၃၃)သာရှိသေးသည်။ ခါးသီးသောအတွေ့အကြုံများ၊ အခက်ခဲများရင်ဆိုင်ရစေကာမူ ဇွဲလုံ့လကြီးစွာဖြင့် အကောင်းဆုံးပေးဆပ်ကာ ခရစ်တော်အတွက်အသက်ရှင်ခဲ့ပါသည်။ သူ၏(၅)နှစ်အရွယ်သားလေးဖျားနာ၍ဆုံးပြီးနောက် ဝိုင်းဝန်းမြုပ်နှံ‌ပေးရန်ရန်လူမရှိသောကြောင့် သူကိုယ်တိုင်ဖျားနာသည့်ကြားမှ တူးခဲ့ရပါသည်။ သူသည် အိန္ဒိယပြည်၌ (၄၁)နှစ်မျှ ပေးဆပ်ခဲ့ပါ၏။ သူအားဖြင့် ယုံကြည်သူ(၇၆၅)ဦးရှိခဲ့ပြီး အသင်းတော်ပေါင်း(၂၆)ပါးတည်ထောင်နိုင်ခဲ့ပါ၏။ ၁၈၃၄ခု၊ဇွန်လ တွင် ကွယ်လွန်ပြီး သူ၏ခန္စာကို အိန္ဒိယပြည်၌ မြုပ်နှံခဲ့ပါသည်။ ခရစ်တော်အတွက် အစေခံကောင်းဖြစ်သော ဆရာကြီးဝီလျံကယ်ရီ၏ ပေးဆပ်အသက်ရှင်မှုသမိုင်းသည် ဘယ်တော့မှ ပျောက်ကွယ်သွားမည်မဟုတ်ပေ။

ဖလားဆဲ